လမ်းပေါ်ကို တဖန် ပြန်လေလွင့်သွားပြီဖြစ်တဲ့ လူကြမ်းသရုပ်ဆောင် ဦးအာနိုး

Unicode

လူကြမ်းသရုပ်ဆောင် ဦးအာနိုးနှင့် ခိုလှုံရာ မသက်ဆိုင်တော့ပါ။ ဘဝတခုကို ကယ်တယ်ဆိုတာလေ။ ကယ်ခွင့်ရှိမှ ကယ်လို့ရသလို တခါတလေ ကယ်ခွင့်ရှိရင်တောင် အကယ်ခံအုံးမှ ကယ်လို့ရတာရယ်။

လူကြမ်းသရုပ်ဆောင်ဟောင်း ဦးအာနိုးကြီး တယောက်သည်လဲ ကယ်ခွင့်ရှိလို့ ကယ်ဖြစ်ခဲ့တာတောင် အကယ်မခံခဲ့တဲ့ လူတစ်ယောက်ပါ။ သူ ပုံ့တို့ ရိပ်သာမှာ ၃ လတာ ခိုလှုံခဲ့ပြီးနောက် ထွက်သွားခဲ့ပါပြီ။

ပုံ့တို့ကတော့ စောင့်ရှောက်တယ်ဆိုပေမဲ့ အရက်ကြိုက်တတ်တဲ့ သူ့အတွက်တော့ ခိုလှုံရာဟာ အကျဉ်းထောင်တခုနဲ့ တူနေတယ် ထင်ပါတယ်။ ပထမ ရောက်ရောက်ချင်း သူ့ကို ဆေးတွေကုပေးတယ်။ ဆေးကုပြီး နဲနဲ ‌ထူထူထောင်ထောင် ဖြစ်လာတော့ သူ့ကို လှူဒါန်းလိုက်ကြတဲ့ ငွေလေးတွေကို သူ သုံးချင် စားချင် ဝတ်ချင်လာတယ်။

ရိပ်သာက ကလေးတွေနဲ့ ဈေးကို လိုက်ပို့ခိုင်းတယ်။ သရုပ်ဆောင်ဟောင်းဆိုတော့ ဝတ်ချင်မှာပဲလေဆိုပြီး သူစိတ်ပျော်အောင် ရိပ်သာနဲ့ သဟဇာတ ဖြစ်မယ့်ဟာလေးတွေကို ဝတ်ဖို့ ခွင့်ပြုပေးခဲ့တယ်။

နောက် သူ့ကို လှူဒါန်းလိုက်တဲ့ ငွေလေးတွေ ထုတ်ပြီး သူ ဟိုလူ့ဆီသွားမယ် ဒီလူဆီသွားမယ်ဆိုလို့ သူ ငွေကုန်တာနဲ့ သူ့ဘဝ အဆင်မပြေနိုင်မှာ သိလို့ အမျိုးမျိုးဆွဲထားခဲ့တယ်။သူများ ကုတင်တလုံးဆို သူ နှစ်လုံးဆက်အိပ်ချင်တယ်ဆိုလို့ နေရာလဲပိုတာနဲ့ အိပ်ခိုင်းခဲ့တယ်။

ကိုယ်တိုင် လုပ်နိုင်သူဖြစ်ပေမဲ့ သူ ဖွထားတဲ့ အဝတ်အစားတွေကို ဝန်ထမ်းတွေကပဲ ရှင်းပေးခဲ့တယ်။ သူက အပြင်ထွက်ချင်တော့ ရိပ်သာက ဂါလီနဲ့ ဈေးဝယ်မယ်ဆို သူ့ကို ဝန်ထမ်းလေးတွေနဲ့ အပ်လွှတ်ပေးတယ်။

အဲ့ကနေ နောက်ပိုင်း သူက အကြောင်းအမျိုးမျိုးပြ အပြင်ထွက်ဖို့ ကြိုးစားတယ်။ သူပြတဲ့ အကြောင်းတွေက နေမကောင်းဘူး ဆေးပြချင်တယ် ဆိုတဲ့ မဖြစ်မနေလွှတ်ရမယ့် ကိစ္စတွေဖြစ်နေတော့ ရိပ်သာက စိတ်ချရတဲ့ ဝန်ထမ်းနဲ့ လွှတ်ပေးရတယ်။ ဒါကို တဆင့်တက်ပြီး သူ့အကြိုက်လိုက်တဲ့ ဝန်ထမ်းနဲ့မှ သွားချင်တယ် တောင်းဆိုတယ်။

ရိပ်သာကို သူ ဘယ်လိုမှ လိမ်ပါတ်ပြီး ထွက်လို့ မရတဲ့အဆုံး သူ ဒီမှာနေတာ အဆင်ပြေကြောင်း ဒါပေမဲ့ သူ တနေ့ကို ဘီယာတဗူးတော့ သောက်ချင်ကြောင်း အဲ့လိုမှ မသောက်ရရင် သူ ထွက်သွားမယ့် အကြောင်းပြောလာတယ်။

ပုံ့တို့လဲ သူကို တာဝန်ယူပေးတဲ့ အကိုရယ်၊ သူတို့ ရုပ်ရှင်လောကက အမတယောက်ရယ်နဲ့ တိုင်ပင်ပြီး သူဒုက္ခရောက်မှာစိုးလို့ ဆွဲလို့ ရသမျှ ဆွဲထားခဲ့တယ်။ နောက်ပိုင်း သူက ခိုးထွက်တယ်၊ လိုက်ခေါ်ရင် ခေါ်တဲ့ လူတွေရန်လုပ်တယ်။

ရိပ်သာက လိုက်ခေါ်တဲ့ ဝန်ထမ်းအမျိုးသမီးတွေကို သူက အော်ကြီးဟစ်ကျယ်တွေနဲ့ ရိုက်မယ်နှက်မယ်တွေလုပ်တယ်။ ဝန်ထမ်းတွေက ရှက်ကြတာပေါ့။ ဘေးပါတ်ဝန်းကျင်ကို ရိပ်သာကပါ သူက စိတ်သိပ်မမှန်တော့လို့ပါလို့ အရှက်ပြေပြောရတယ်။

နောက်ဆုံး ဘယ်လိုမှ တားလို့မရတဲ့အဆုံး လူကြီးတွေရှေ့ လက်မှတ်ထိုးခိုင်းပြီး သူအပ်ထားတဲ့ ပိုက်ဆံတွေစာရင်းရှင်း အကုန်သူ့ဆီအပ်ပြီး ပြန်လွှတ်လိုက်ရပါတော့တယ်။ ရိပ်သာက အဘိူးအဖွားတွေကို ပုဇွန်ဟင်း တနေ့စာ လှူတာကလွဲရင် ရိပ်သာက သူ့ကို လှူဒါန်းလိုက်တဲ့ငွေကို တကျပ်မှ ယူမထားခဲ့ပါ။

အောက်မှာ စာရင်းရှင်းတမ်းလေးလဲ ထည့်ပေးထားပါတယ်။ကယ်ခွင့်ရတဲ့အချိန်မှာ ကယ်နိုင်သလောက် အဆုံးစွန်ထိ ကယ်ပေးခဲ့ပေမဲ့ အကယ်မခံနိုင်တဲ့အဆုံး လက်လွှတ်ပေးခဲ့ရပါတယ်။ သူ့ဆီက အလှူငွေတွေ ကုန်သွားတဲ့တနေ့၊ သူ့ကို ဘယ်သူမှ လက်မခံတော့တဲ့တနေ့၊ သူ့ကိုယ်သူ မသယ်နိုင်တော့တဲ့တနေ့ ခိုလှုံရာဆီ ပြန်လာချင်သေးတယ်ဆိုရင်တော့ လက်ခံပေးမိပါအုံးမယ်။ (Thinn Shwe Sin Hlaing)